မနက်ခင်းနေသည် အရှေ့ဘက်တောင်တန်းများ နောက်ကွယ်မှ ပေါ်ထွက်ခဲ့ပြီ။ သက်ဖျန်းသော ရောင်နီဦး နေခြည်သည် နွေဦးလယ် ကာလအထိ ဖက်တွယ်နေဆဲ စိမ့်သောလေအေးကို အတန်ငယ်နွေးသက်ကာ အအေးလျော့စေ၏။ ဤရက်ပိုင်းများတွင် ကျွန်တော် အိပ်ရာစောစောထဖြစ်သည်။ အိမ်ရှေ့ဝယ် ချယ်ရီပင်သည် ငြိမ်သက်စွာ ထီးထီးရပ်တည်လျက် ရှိသည်။ ဆောင်းတွင်းတလျှောက် အရိုးပြိုင်းနှင့် နေခဲ့ရသော ချယ်ရီသည် နွေဦးမှဖြစ်သော ရွက်နုစိမ်း သိပ်သိပ် သည်းသည်းတို့နှင့် နုပျိုခြင်း တဖန်ပြည့်ဝစွာ အရုဏ်ကို ကြိုလင့်လေပြီ။ ငြိမ်းချမ်းလှပသော မနက်ခင်းတည်း။ အခိုက်အတန့် လေပြေက သွက်သွက်သွေးသော် ခိုက်အောင် ချမ်းစေသေးသည်။ အိမ်ထဲသို့ပြန်အဝင် မနက်စောစော၏ ဆိတ်ငြိမ်မှုက ဘာဖြစ်ခဲ့ပြီလဲ ဆိုသည်ကို ပြန်သတိရစေ၏။ ဖေဖေလာလည်ခဲ့စဥ်က နေခဲ့သည့် အခန်းတွင်းသို့ ကျွန်တော်ရောက်လာခဲ့သည်။ အခန်းထဲက ဗီရိုထဲတွင် ဖေဖေနောက်တစ်ခါ လာပါက အဆင်သင့်ဝတ်ရန် အဝတ်အစားအချို့ သိမ်းထားသေးသည်။ ဖေဖေ နောက်တစ်ခါလာလည်ခြင်းကမူ မဖြစ်နိုင်တော့ပါပြီ။ နက်ရှိုင်းသော ဆုံးရှုံးမှုတစ်ခုက လွှမ်းမိုးလာသည့်အလျောက် မဖြစ်ပျက်မီက ရှိခဲ့သည့် အခြေအနေတစ်ခုကို ပြန်လည်အောက်မေ့မိသည်။ ကျွန်တော် ဆုပ်ကိုင်ခွင့်ရခဲ့သည်မှာ တင့်တယ်လှ၏။ တင...