မနက်ခင်းနေသည် အရှေ့ဘက်တောင်တန်းများ နောက်ကွယ်မှ ပေါ်ထွက်ခဲ့ပြီ။ သက်ဖျန်းသော ရောင်နီဦး နေခြည်သည် နွေဦးလယ် ကာလအထိ ဖက်တွယ်နေဆဲ စိမ့်သောလေအေးကို အတန်ငယ်နွေးသက်ကာ အအေးလျော့စေ၏။ ဤရက်ပိုင်းများတွင် ကျွန်တော် အိပ်ရာစောစောထဖြစ်သည်။
အိမ်ရှေ့ဝယ် ချယ်ရီပင်သည် ငြိမ်သက်စွာ ထီးထီးရပ်တည်လျက် ရှိသည်။ ဆောင်းတွင်းတလျှောက် အရိုးပြိုင်းနှင့် နေခဲ့ရသော ချယ်ရီသည် နွေဦးမှဖြစ်သော ရွက်နုစိမ်း သိပ်သိပ် သည်းသည်းတို့နှင့် နုပျိုခြင်း တဖန်ပြည့်ဝစွာ အရုဏ်ကို ကြိုလင့်လေပြီ။ ငြိမ်းချမ်းလှပသော မနက်ခင်းတည်း။
အခိုက်အတန့် လေပြေက သွက်သွက်သွေးသော် ခိုက်အောင် ချမ်းစေသေးသည်။ အိမ်ထဲသို့ပြန်အဝင် မနက်စောစော၏ ဆိတ်ငြိမ်မှုက ဘာဖြစ်ခဲ့ပြီလဲ ဆိုသည်ကို ပြန်သတိရစေ၏။ ဖေဖေလာလည်ခဲ့စဥ်က နေခဲ့သည့် အခန်းတွင်းသို့ ကျွန်တော်ရောက်လာခဲ့သည်။ အခန်းထဲက ဗီရိုထဲတွင် ဖေဖေနောက်တစ်ခါ လာပါက အဆင်သင့်ဝတ်ရန် အဝတ်အစားအချို့ သိမ်းထားသေးသည်။ ဖေဖေ နောက်တစ်ခါလာလည်ခြင်းကမူ မဖြစ်နိုင်တော့ပါပြီ။
နက်ရှိုင်းသော ဆုံးရှုံးမှုတစ်ခုက လွှမ်းမိုးလာသည့်အလျောက် မဖြစ်ပျက်မီက ရှိခဲ့သည့် အခြေအနေတစ်ခုကို ပြန်လည်အောက်မေ့မိသည်။
ကျွန်တော် ဆုပ်ကိုင်ခွင့်ရခဲ့သည်မှာ တင့်တယ်လှ၏။ တင့်တယ်သော ဖခင်ပါလေ။ သူ၏ သက်သာမှုထက် သူ့မိသားစု အဆင်ပြေမှုကို ပိုပြီး အာရုံစိုက်တတ်ခဲ့သော ဖခင်၊ ကျွန်တော်က သူ့ကိုစိတ်ဒုက္ခပေးခဲ့သည့် အလျောက် ကျွန်တော့်ကိုလည်း မကြာခဏ စိတ်အကျပ်အတည်း ဖြစ်စေတတ်သော ဖခင်၊ သည့်တိုင် သူနှင့် လက်ဆုံကျစရာ စကားများ အပုံအပင်ရှိနေခဲ့သေးသော ကျွန်တော့် ဖခင်ဖြစ်သည်။
ပြောဖွယ်ရာမရှိအောင် ကောင်းလှသောသူ တစ်ယောက်မူ ဖေဖေ မဟုတ်ခဲ့။ ဆုံးဖြတ်ချက် အမှား တော်တော်များများ ဖေဖေ ချခဲ့ဖူးသည်။ လူ့အရိပ်အကဲမသိ၊ အပြောအဆို မတတ်သဖြင့် နားမလည်ပေးနိုင်သူများ၏ ငြိုငြင်မှုတွေလည်း ဖေဖေရရှိခဲ့၏။ ဖြစ်လာသည့်အလျောက် ဖေဖေ့၏ ဘဝပေးဝမ်းကျောင်း အလုပ်မှာ သူများကို သတိမေ့မျောအိပ်စက်စေခြင်းဖြင့် အစပြုကာ ထိုသူ သတိပြန်လည်လာခြင်းတွင် အဆုံးသတ်သည်။ ဤမှာ လူမှုဆက်ဆံရေး အားနည်းသော ဖေဖေ့အတွက် သက်သာရာသက်သာကြောင်း ဖန်တီးထားပေးသော လောကကြီး၏ လျှို့ဝှက်ပြောင်မြောက်ချက်တစ်ခု ဖြစ်ရမည်။
ထိုသို့မညီမညာဖြစ်နေသော အနားသားများကို ဖယ်ထုတ်ကာ အတွင်းပိုင်းကို သိအောင် ကြည့်နိုင်သူသည် ဖေဖေ၏ ရိုးရှင်းခိုင်မာသော အတွင်းစိတ်တစ်ခုကိုတွေ့ရလိမ့်မည်။ ဤသည်ကိုလည်း ဖေဖေ၏ မညက်သော အပြောအဆိုကို ပမာမထားဘဲ ဖေဖေ၏ သန့်စင်သောလုပ်ရပ်ကို အာရုံစိုက်ခြင်းဖြင့်သာ ချဥ်းကပ်နိုင်ပေ၏။ ပြောရလျှင် အရမ်းလိုအပ်နေသော နေရာဒေသများသို့ လှည့်လည်ကာ အခမဲ့ ခွဲစိတ်ခန်း ဝင်ပေးခဲ့သော အသက်၇၅နှစ် အရွယ် မေ့ဆေးဆရာဝန်တစ်ဦးဖြစ်သူ ဖေဖေ့အတွက် သူ၏ နေညိုချိန် ဘဝဘက်မှ စိုက်ထုတ်ရမှု တစ်ခု နှစ်ခုတော့ ရှိခဲ့သည်။ ဝေးလံခေါင်ပါးသော ရွာကလေးတစ်ရွာက မိုးယိုနေသော သစ်သား မူလတန်း ကျောင်းဆောင်လေးနေရာတွင် အုတ်ကျောင်းဆောင်လေး တစ်ခု ဖြစ်မြောက်လာအောင် ကိုယ်တိုင်သွားရောက် ပံ့ပိုးဖိို့ သူနှင့်ဆိုင်သည်ဟု ဖေဖေ ယူဆခဲ့ပုံရသည်။ စသည်၊ စသည်ဖြင့် သူလုပ်ချင်သော အရာလေးများကို ကိန်းကြီးခန်းကြီး မပါ၊ လူများအလယ် ဟစ်ကြွေးမနေဘဲ တကုပ်ကုပ်နှင့် ဖေဖေလုပ်သွားခဲ့သည်။
တကယ်တော့ ဘဝရဲ့ ရှုထောင့်တိုင်း၊ ရှုထောင့်တိုင်းမှာ အမြဲတမ်းပဲ လူတော်လူကောင်းဖြစ်နေဖို့သည် အရာမဟုတ်ပါ။ ထိုသို့ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကိုလည်း ကျွန်တော်သေချာမသိပါ။ အရာဟုတ်သည်ကတော့ ထိရောက်အရေးပါသော ဘဝ၏ နေရာ အချို့ဝယ် သင့်တင့်သော စိတ်နှလုံးရှိခြင်းတည်း။
ဖခင်တစ်ယောက် အနေနှင့်မူ ကျွန်တော့်ဖေဖေသည် ပြောဖွယ်ရာ မရှိပါပြီ။ ဖေဖေ့ထံမှ ကျွန်တော့်ကို ပျိုးထောင်ခြင်းသည် ဘယ်တော့မှ မရပ်သွားခဲ့ဖူး။ ငယ်စဥ်တောင်ကျေး ကလေးဘဝမှသည် ကျွန်တော့်ကို ချီပိုး လက်တွဲ ပြုစုခဲ့သော ဖေဖေသည် ယခု အသက် ၃၀ နှောင်းနေပြီဖြစ်သော သူ၏ သားက စကားဖွဲ့ ဆွေးနွေးလာတိုင်း သူမီသလောက် အမြင်ဖြင့် ကောင်းရာကို ညွှန်လျက် ရှိခဲ့ဆဲ။ သဘောပင် ကွဲလွဲစေဦး၊ ဖေဖေသည် ကျွန်တော့်အတွက်တော့ ဘဝ၏ မသိနိုင်ခြင်း အဆီးအတားများကို ကျော်လွှားဖို့ လိုအပ်လာတိုင်း ကျွန်တော်တုတ်ထောက်ကာ ကျော်တက်နိုင်ဖို့ အသင့်ရှိနေပေးသည့် ခုတုံးကြီးတစ်ခုနှင့် တူသေးတော့သည်။ ပင်လယ်တစ်ဘက်ကမ်းမှ တသဲ့သဲ့ မှန်မှန် ထွက်ပေါ်လာနေသော လမ်းပြ ပဲ့တင်သံတစ်ခုလည်း ဖြစ်၏။ ကျွန်တော့် အတွင်းသဘော၏ မသိစိတ်က အလိုအလျောက် ရှာနေမိသေးသော ထိုပဲ့တင်သံတစ်ခုသည် အခုတော့လည်း ပကတိ တိတ်ဆိတ်ခြင်း အတိဖြင့်သာ။
ကျွန်တော် မရင်းနှီးသေးသည့် ဘဝ၏ အနေအထားအသစ် တစ်ခုကို အခု ရင်ဆိုင်ရပါပြီ။ တစ်ချိန်တည်းမှာ ဖေဖေ့ကို အမှတ်ရခြင်းများအပေါ် ဝယ် အုပ်မိုးထားသော အစားထိုးမဲ့ ဆုံးရှုံးမှုကြီးကိုတော့ ကျွန်တော် လွန်ဆန်ချင်မိသည်။ အဘယ်ကြောင့်ဆိုသော် ထိုအုပ်မိုးမှုအောက်မှ အမှတ်ရခြင်းများတွင် တင့်တယ် ခညောင်းသော နွေးထွေးသည့် မိသားစုဘဝ ဖြစ်စဥ်တို့နှင့် ပြည့်လျက် ရှိသောကြောင့်တည်း။
ထို့ကြောင့်လည်း ဆုံးရှုံးမှုအသိစိတ်ကို ကျွန်တော် တွန်းပယ်ဖို့ မကြိုးစားဘဲ တည်ငြိမ်စွာဖြင့် လက်သင့်ခံ စိမ့်ဝင်စေတော့မည်။ ဂယက်ကင်း၍ လှိုင်းသက်များ ပြေသော် မျက်နှာပြင်ပေါ် အေးချမ်းစွာ ကျန်ရစ်မည့် နူးညံ့သိမ်မွေ့မှုတစ်ခုကိုတော့ ကျွန်တော် တစ်ခါ တင်းတင်း ဆုပ်ကိုင် လိုက်ချင်ပါသေးသည်။
ဖေဖေ နေခဲ့ဖူးသော သည်နေရာ သည်အခန်းတွင် ကျွန်တော် ခဏ ဆက်ရပ် နေဖြစ်ဦးမည်။ မနက်ခင်း၏ လန်းဆန်း ဆိတ်ငြိမ်မှုထဲဝယ် ပျံ့ဝင်စီးမျောလျက်။ ပြတင်းပေါက်၏ အပြင်ဘက်တွင်တော့ နွေဦးသည် သူနှင့်လိုက်လျော ညီထွေသော ပြောင်းလဲမှုတွေကို ရေမြေ သစ်ပင် ပန်းမန်များထက်ဝယ် မရပ်မနား ဆက်လက် ပုံဖော်လျက် ရှိဆဲ။ အမြင်အာရုံ၌ ထင်သောပုံရိပ်တို့ အတွေးအာရုံသို့ ဆက်လက် စီးဆင်းလေလျှင်... နွေဦး၏ အမြဲတမ်း မနေနိုင်မှု၊ အရာခပ်သိမ်း၏ နောက်ကွယ်မှ လောက၏ သိမ်မွေ့ နက်နဲမှု၊ သိမြင်နိုင်စွမ်း မရှိမှု၊ ပြီးတော့ အချို့အရာများ၏ အနှိုင်းအဆမဲ့လွန်းမှု။
ဤတွင် ဖေဖေ့ကို အမြဲအမှတ်ရနေမည်ဖြစ်သော ကျွန်တော်သည် ဖေဖေ နေခဲ့သည့်အတိုင်း မျှတသော ချိုးခြံ ချွေတာခြင်းနှင့် ယှဥ်၍ မမေ့မလျော့သော သတိဖြင့် နေထိုင်နေဦးတော့မည်။
ရောက်ခဲ့ပြီးသော သည်ခရီး၏ သည်နေရာ သည်အနေအထားသို့ သည်ပုဂ္ဂိုလ် တစ်ဦးကြောင့်သာ...။
"... အားလုံး ပြီးဆုံးသွားချိန်တွင် ဘ၀တစ်ခု၏ မည်သို့ သိမ်မွေ့နူးညံ့စွာ နေထိုင်ခဲ့ပုံ၊ သူများအပေါ် မည်သို့ ကြင်နာ ထောက်ထားခဲ့ပုံ၊ ပြီးတော့ မြတ်နိုးတန်ဖိုးထားသော်လည်း သူ့အချိန် သူ့အခါ လွန်ခဲ့သည့် အရာတို့ကို မည်သို့ တည်ငြိမ်အေးဆေးစွာ လက်လွှတ်နိုင်ခဲ့ပုံ စသည့် အရာ ၃ ခုသာလျှင် အချိန်၏လှိုင်းကို အံတု၍ စွဲစွဲနစ်နစ် ကျန်ရစ်တော့သည် ..."

Comments
Post a Comment