အတွေးကောင်းတယ်ဆိုရင် ချီးကျူးစရာတစ်ခု အနေနဲ့ ယူဆကြပါတယ်။ ဥာဏ်ပညာမြင့်မြတ်ခြင်းရဲ့ လက္ခဏာတစ်ခုလို့လည်း မြင်ကြပါတယ်။ ဒါပေမယ့် အတွေးရှင်းတာကိုတော့ ဒီလောက်ထိ အလေးထားပြောကြတာ မတွေ့ရတတ်ဘူး။ ကွာခြားမှုက ဘာလဲ။ အတွေးရှင်းတာဟာ အတွေးကောင်းတာရဲ့ အစိတ်အပိုင်းတစ်ခုဆိုရင်တော့ အတွေးကောင်းတယ် ဆိုတာရဲ့ နောက်ထဲမှာ အတွေးရှင်းတာလည်း ပါပြီးသွားပြီပေ့ါ။ ဒီနေရာမှာ သီးသန့်လား၊ တစ်စိတ်တစ်ပိုင်းလား ဆိုတဲ့ဝေါဟာရဖွဲ့ဆိုမှုကို အပထားပြီး အတွေးရှင်းပုံရဲ့ ကဏ္ဍလေးကို သီးသန့် ကြည့်ချင်ပါတယ်။
တောထဲ သုံးရက်ကြာအောင် ပုန်းပြီးမှ အသင်္ခယာစောယွန်းရဲ့ နန်းတော်ထဲ ညအချိန် တိတ်တဆိတ်ဝင်လို့ရတယ်။ ဒီလိုဝင်တုန်း အသင်္ခယာစောယွန်း တင်ထားတဲ့ နတ်တင်ပွဲကိုတွေ့တော့ ငတ်နေတဲ့ ငခင်ညိုလည်း အရင်စားရတယ်။ နောက်မှ အထဲဝင်၊ အိပ်နေတဲ့ အသင်္ခယာစောယွန်းကို လုပ်ကြံမယ်ပြင်တော့ ငခင်ညိုက တွေးမိတယ်။ ထမင်းသွားစားမိတဲ့အတွက် အသင်္ခယာစောယွန်းဟာ သူ့ရဲ့ထမင်းရှင်ဖြစ်သွားပြီ။ သွားလုပ်ကြံမိရင် ထမင်းရှင်ကို ပြစ်မှားတဲ့ သံသရာကြွေးက သူ့အရှင်ပေးမယ့် သေဒဏ်တဲ့ ပိုကြီးလေးလိမ့်မယ်။ ဒါကြောင့် သေဒဏ်ပေးလည်း ခံမယ်ဆိုပြီး အသင်္ခယာစောယွန်းကို မသတ်ဘဲ ပြန်ခဲ့တယ်။
မှတ်တမ်းအရတော့ ငခင်ညိုရဲ့ ကျေးဇူးသိတတ်ပုံကို သဘောကျလို့ သူ့အရှင် ငါးစီးရှင်ကျော်စွာက သေဒဏ်မပေးဘဲ ပိုလို့ မြှောက်စားခဲ့တယ်လို့ ဆိုပါတယ်။ ဒီဘက်ခေတ်တွေမှာလည်း ငခင်ညိုကို အတုယူအပ်တယ်လို့ မြင်ကြလို့ ဦးဖိုးကျားစသော ပညာရှင်များက ကျေးဇူးသိတတ်သော ငခင်ညို စသဖြင့် စာတိုပေစများ ရေးဖွဲ့ခဲ့ကြပါတယ်။
ဒီနေရာမှာ ငခင်ညိုရဲ့ဇာတ်လမ်းလေးဟာ အစအဆုံးမှန်တယ်လို့ပဲ ယူဆလိုက်ရအောင်။ အခုစာဟာ ငခင်ညိုရဲ့ဇာတ်လမ်းလေး ဘယ်လောက်ထိ သမိုင်းရေးရာမှာ တိကျမှုရှိသလဲ ဆိုတာကို ဆွေးနွေးဖို့ မဟုတ်ပါဘူး။ ငခင်ညိုရဲ့ တွေးခေါ်ပုံလေးကိုပဲ သုံးသပ်ကြည့်ချင်တာပါ။ ငခင်ညိုလုပ်တာမှန်လား၊ သူ့ကို အတုယူထိုက်သလား ဆိုတာကို ငခင်ညိုရဲ့တွေးခေါ်ပုံ၊ ပြီးတာ့ရွေးချယ်ပုံဟာ ဘယ်လောက်ထိ သင့်တင့်မှုရှိသလဲ ဆိုတာနဲ့ ဖြေရလိမ့်မယ်လို့ ထင်ပါတယ်။
နတ်တင်ထမင်း ယူစားမိတာလေးကို အမှတ်တမဲ့ မထားဘဲ သံသရာထိ မျှော်ပြီးကြည့်နိုင်စွမ်းရှိတဲ့ ငခင်ညိုရဲ့တွေးခေါ်ပုံဟာ စေ့စပ်တယ်လို့ ပြောလို့ရပါတယ်။ အတွေးကောင်းခြင်းရဲ့ လက္ခဏာပါ။ (သူများထားထားတဲ့ ထမင်းကို သွားစားမိလို့ ထမင်းထားထားသူ ထမင်းရှင်ဖြစ်သွားတယ်ဆိုရင် သူများချထားတဲ့ ကြွက်သတ်ဆေးကို သွားစားမိတာရင်လည်း ဆေးချထားတဲ့သူကို လူသတ်သမားလို့ ခေါ်လို့ရတယ် ဆိုတဲ့ အသေးစိတ်လေးတွေတော့ ခဏထားလိုက်ပေါ့။)
ဒါပေမယ့် ငခင်ညိုကို အတွးရှင်းတယ်လို့ ပြောလို့ရသလား။
သစ်ပင်ကြီးတစ်ပင်အောက်မှာ ပင်စည်တစ်ခုတည်း ရှိပါတယ်။ အပေါ်နည်းနည်းရောက်တော့ ပင်စည်ကြီးက နှစ်ခြမ်းဖြာပြီး သစ်ကိုင်းကြီးနှစ်ခု ဖြစ်သွားတယ်။ အဲဒီသစ်ကိုင်းကြီးတွေကနေ တစ်ခါထပ်ပြီး သစ်ကိုင်းလတ်တွေခွဲ၊ သစ်ကိုင်းလတ်တွေကနေ သစ်ကိုင်းငယ်တွေ စသဖြင့် အဆင့်ဆင့်ခွဲသွားကြတယ်။ ဒီသစ်ပင်ကြီးကို တက်တဲ့သူဟာ သစ်ပင်ခွတစ်ခု ရောက်တိုင်း ရောက်တိုင်း ဘယ်ကိုင်းလား၊ ညာကိုင်းလား တောက်လျှောက် ရွေးခဲ့ရမှာပါ။ တကယ်လို့ သူရောက်နေတဲ့ အကိုင်းကနေ နောက်အကိုင်း တစ်ခုကို ကူးချင်ရင် အဲဒီသစ်ကိုင်းနဲ့ ခွဲခဲ့တဲ့ ခွဆုံကို ရောက်အောင် ပြန်ဆင်းသွားပြီးမှ သွားချင်တဲ့ အကိုင်းပေါ် ပြန်တက်ရမှာပါ။
လူတွေရဲ့ ဘဝနေထိုင်ပုံဟာလည်း ဒီသစ်ပင်တက်သွားသူနဲ့ တူပါတယ်။ ကိုယ်ဘာကို ယုံကြည်သလဲဆိုတာ အဆင့်ဆင့် ရွေးချယ်ရင်း နောက်ဆုံး ကိုယ်မွေ့လျော်ရာ သစ်ကိုင်းတစ်ခုမှာ နေသွားကြတာပါ။ အကြောင်းအားလျော်စွာ ကိုယ့်ရဲ့ခံယူချက်ကို ပြောင်းချင်တယ်ဆိုလည်း သစ်ကိုင်းကူးသူလို သစ်ကိုင်းခွဲတဲ့ ခွဆုံကို ပြန်သွားပြီးမှ တစ်ခါပြန်တက်ပြီး ကူးရမှာပါ။ တစ်နည်းအားဖြင့် ပိုပြီးနက်ရှိုင်းတဲ့ အတွင်းပိုင်းက ခံယူချက် တစ်ခုကို အရင် ပြင်ပြီး အဲဒီခံယူချက်နဲ့ လိုက်လျောညီထွေရှိတဲ့ နေရာတစ်ခုကို ထပ်ရွေးရမှာပါ။
ဘဝတစ်ခုမှာ လူကောင်းဖြစ်ခြင်း၊ မဖြစ်ခြင်းကို အဲဒီဘဝတလျှောက်မှာ အကောင်းအဆိုး ရွေးချယ်ဆုံးဖြတ်နိုင်မှုတွေနဲ့ တိုင်းထွာကြပါတယ်။ ဒါ့ကြောင့် ငခင်ညိုမှာလည်း သူထင်တဲ့ လူကောင်းဖြစ်ဖို့ ရွေးချယ်ပိုင်ခွင့်လေးတော့ ရှိပါတယ်။ ဒါပေမယ့် ငခင်ညိုအတွက် အဲဒီသံသရာကို ငဲ့မှာလား၊ မငဲ့ဘူးလားဆိုတဲ့ ရွေးချယ်မှုကို လုပ်ရမယ့် အချိန်က လူသတ်ဖို့ စစ်ကိုင်းကို မထွက်ခင်ကပါ။ ဒီထက်ပိုပြီး ဝေးဝေးကြည့်မယ်ဆိုလည်း သက်ဦးဆံပိုင် ပဒေသရာဇ် ငါးစီးရှင်ကျော်စွာ ဆီမှာ ဘာခိုင်းခိုင်း လုပ်ပါမယ်ဆိုပြီး အမှု စမထမ်းခင်ကပါ။
မှန်သလား၊ မှားသလားဆိုတာ ပုံသေမရှိတတ်ပါဘူး။ ကိုယ်ယူထားတဲ့ ဘဝရှုထောင့် (ရပ်တည်နေတဲ့ သစ်ကိုင်း) ပေါ်မှာ မူတည်ပါတယ်။ လူတွေမှာ ဘဝရှုထောင့်တွေကို လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပါတယ်။ ဒါပေမယ့် ကိုယ်ဟာ ရှုထောင့်တစ်ခုကို ရွေးချယ်ပြီးပြီဆိုရင်တော့ ကိုယ်ယူထားတဲ့ ရှုထောင့်အတွက် မှန်နေတဲ့ အရာတွေကို လုပ်ရပါမယ်။ ဒါဟာ ကိုယ်ကိုယ်တိုင် ရွေးချယ်ထားလိုက်တာနဲ့ အတူ ဒွန်တွဲပါလာတဲ့ အရာ၊ တစ်နည်းအားဖြင့်လည်း တာဝန်ပါ။ ရှုထောင့်တစ်ခုကိုတော့ လက်ကိုင်ထားပြီး အဲဒီရှုထောင့်အတွက် လိုအပ်တဲ့အရာကို မလုပ်ဘဲ တစ်ခြားရှုထောင့်က အရာတစ်ခု ထလုပ်တာကတော့ တာဝန်ပျက်ကွက်တာ၊ လိုင်းပူးတာပါ။
တကယ်တော့ သစ်ပင်ကြီးရဲ့သစ်ကိုင်းတစ်ခုပေါ်မှာ ရပ်နေရင်း ကိုယ်ရွေးချယ်လို့ ရောက်နေတဲ့ နေရာကို မေ့ပြီး တစ်ခြားအကိုင်းက အတွေးအခေါ်တွေနဲ့ ရောမွှေပြီး အတွေးရှုပ်သွားခဲ့တာ ငခင်ညိုပါ။ ဒီလိုလူမျိုး သူ့ဘာသာသူ တစ်ယောက်တည်း ဆိုရင်တော့ သိပ်ပြဿနာမရှိပါဘူး။ ဒါပေမယ့် သူ့ကို စိတ်ချပြီး သူဟာ သူပြောတဲ့ အတိုင်းလုပ်မှာပါလို့ ယုံကြည်အားကိုးနေသူများ အတွက်တော့ အလွန် ဒုက္ခများလှမှာပါ။ အတွေးမရှင်းရင် ဆုံးဖြတ်ရွေးချယ်မှုတွေလည်း ရှုပ်တတ်ပါတယ်။
ရှေ့နေ တစ်ယောက်ဟာ အမွေလုတဲ့ ကိစ္စလာအပ်တဲ့ အမှုသည်ကို အမွေမှု နိုင်မယ့်နည်းတွေ အကြံပေးမလား၊ ဒါမှမဟုတ် "နောင် နှစ်တစ်ရာဆိုရင် ခင်ဗျားလည်း ရှိတော့မှာ မဟုတ်ဘူး၊ ညီအစ်ကို မောင်နှစ်မချင်း ချစ်ခင်စိတ်နဲ့ အလျှော့ပေးလိုက်ပါ" လို့ အကြံပေးမလား။ အကြံ နှစ်ခုစလုံးကတော့ သူ့နေရာနဲ့သူ မှန်ပါတယ်။ ဒါပေမယ့် ဒုတိယအကြံမျိုးလည်းပေးမယ်၊ ရှေ့နေလည်း လုပ်မယ်ဆိုလို့ တော့ တစ်ပြိုင်တည်း မဖြစ်နိုင်ပါ။ တစ်ခုကို ပြတ်ပြတ်သားသားရွေးဖို့ လိုအပ်ပါတယ်။
ဒီတော့ ငခင်ညိုကို ချီးကျူးထိုက်သလား။ အမျိုးမျိုးထင်ကြဦးမှာပါ။ တစ်ခုပဲ၊ ကျွန်တော်ကတော့ ငခင်ညိုနဲ့ အလုပ်တွဲလုပ်ဖို့ ဝန်လေးပါတယ်။
(စာကြွင်း။ အခု မြန်မာပြည်မှာ နွေဦးတော်လှန်ရေး အရှိန်အဟုန်မြင့်နေချိန်မှာ ဒီအကြောင်းလေး ပိုတွေးဖြစ်တယ်။ ကိုယ့်ရွေးချယ်မှု အပေါ် ကိုယ် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း သိနေဖို့လိုပါတယ်။ ကိုယ်ဟာ မတရားဘူးလို့ ထင်တဲ့အရာကို တိုက်နေသူလား၊ ဒါမှမဟုတ် ကိုယ်ဟာ လူယုတ် လူကောင်းမရွေး မေတ္တာအပြည့်နဲ့ ဆက်ဆံမယ်ဆိုသူလား။ တော်လှန်ရေးသမားဆိုလည်း ထမင်းထုပ်လေးကို အငတ်လို ကောက်စားနေတဲ့ စစ်သားတွေကို မြင်လိုက်ရုံနဲ့ စောစောကလူသတ်တာတွေကို မေ့ပြီး မသနားသွားလိုက်နဲ့။ ဒါမှမဟုတ် ကိုယ်က မေတ္တာရှင် ဆိုလည်း ကိုယ့်ကိုလာရိုက်တော့မှ တော်လှန်ရေးသမား စိတ် မဝင်လာနဲ့။ ကောင်းကောင်း ဆိုးဆိုး ဘာဖြစ်ဖြစ် ကြိတ်သာခံပေတော့။ အရေးကြီးတာ အတွေးရှင်းဖို့ပါ။)

Comments
Post a Comment